.... ယနေ့သည်......
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, August 25, 2013

အိပ်မက်ပြခန်း အမှတ်စဉ် - ၁ [ခဏတဖြုတ် လောက် ဖြစ်ဖြစ်ပေါ့]

ခဏတဖြုတ်လောက် ဖြစ်ဖြစ်ပေါ့
ရင်ဘက်ကို ပါဆယ်ထုတ်ပြီး
လက်ဆောင် ပို့လိုက် ပါရစေ.......

အထဲမှာ.....
အနီရောင် နှလုံးသား အကြွင်းအကျန် တချို့
ပြန်မရနိုင်တော့သော အပြာရောင် အချိန်ကာလများ
လွင့်ပြယ်သွားခဲ့ပြီဖြစ်သော အိပ်မက်အနမ်းတချို့
အစားထိုးမရသော အ၀ါရောင် ကိုက်ခဲမှုများ
ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
လက်ခံထားလိုက်ပါ......
အချိန်ကာလတစ်ခုအထိပေါ့ Eve Maple.......။

ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
နင့်မျက်နှာကို ပြန်ကြည့်ပါရစေဦးလား.....
အဲ့သည့်အခိုက်အတန့်မှာ.....
ပြန်မဝေနိုင်တော့သော သစ်ရွက်များ
မလန်းဆန်းနိုင်တော့သော ရင်ပွင့်ပန်းတချို့
စုပ်ယူပြီးကာမှ ပြန်လည်ထွေးထုတ်လိုက်ရတဲ့
ပျားတစ်ကောင်ရဲ့ ချိုမြိန်ရှတ ၀တ်ရည်များ
အဲ့ဒါတွေကို ပျားရည်လုပ်သောက်ပြီး
ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
နင့်ဘ၀ ချိုမြိန်ပါစေ Eve Maple.....။

ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
နင်ထိုးဝှက်ထားတဲ့ မျက်စောင်းချက်လေးတွေ
ငါပြန်ထုတ်ကြည့်ပါရစေ.....
အစိမ်းသက်သက် မျက်ဝန်းများက
စွန့်ပယ်လိုက်တဲ့ အဓိပ္ပါယ်မဲ့သော မျက်စောင်းများ
အပြုံးအရယ် မရှိသော နှုတ်ခမ်းများက
ထွက်ကျလာသော တောင်စဉ် ရေမရ စကားသံများ
ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
ငါပြန်ကြားခွင့် ရပါစေ Eve Maple...။

ရင်ဘက်စောင့်တဲ့နတ်ချင်း အချင်းများ
ငါတို့ ဝေးသွားတဲ့အခါ
ခဏတဖြုတ်လောက်ဖြစ်ဖြစ်
ငါ့ကို သတိရ ပေးပါ Eve Maple....။
{လေတံခွန်}

Thursday, March 14, 2013

သို့ .. ညီမလေး

ညီမလေး
တိမ်တွေ ပြိုတော့မယ် ....
လွတ်ရာကိုသာ ခိုနားပါလေ
ကိုကို့အရိပ်က
ညီမလေးအတွက် အလုံခြုံဆုံးဆိုတာ မေ့နေရော့သလား ...

ညီမလေး
မိုးတွေ ညိုတော့မယ် ....
ဘေးကင်းရာမှာ နားခိုပါလေ
ကိုကို့အရိပ်က
ညီမလေးအတွက် ဘေးအကင်းဆုံးဆိုတာ မေ့နေရော့သလား ...

ညီမလေး
အပြင်လောကကြီးမှာ
မုန်တိုင်းခက်ထန်တယ်ဆိုတာ
ဝတ္တူတွေ ရုပ်ရှင်တွေ ထဲကလို ဖြေရှင်းဖို့မလွယ်တာတော့အမှန်ပါ ...

ညီမလေး
တစ်ချိန်ချိန် ဒုက္ခဆိုတဲ့ဖိနပ်ကြီးကိုစီးထားရပြီဆိုရင်
ကိုကို့ဆီကို ပြန်လာခဲ့ပါ ...
ညီမလေးအတွက် အလှပဆုံးရွှေရောင်ဖိနပ်လေး
ကိုကို ကိုယ်တိုင် ၀တ်ဆင်ပေးဖို့ အသင့်ပါ ....

(သွေး)

Monday, February 11, 2013

ဖေဖော်ဝါရီ ထဲက ဂီတ


ဖေဖော်ဝါရီ ထဲက ဂီတ

ဖေဖော်ဝါရီရေ......
သိပ်ကို ကျေးဇူးတင်ပါတယ်
ဆောင်းညပေမယ့် နွေးထွေးဆဲ
သူမ ရဲ့ စကားသံလေးတွေ
" ဟုတ်ကဲ့ရှင့် " တဲ့..
သိပ်ကို တင့် တယ် ခဲ့ပါတယ် ဖေဖော်ဝါရီ......

အချစ် ဆိုတာ နှုတ်ထွက်စကား သက်သက် မဟုတ်ခဲ့
ရင်မှာ သိုသိပ်စွာ ခံစားခဲ့တာပါ ကလေးမရေ
ငါ့မနက်ဖြန်ဟာ နင့်အတွက်
စိတ်ကူးယဉ် သက်သက် အွန်လိုင်းဇာတ်လမ်း တစ်ပုဒ်
မဟုတ်ခဲ့ပါဘူး မိန်းမငယ်ရေ........

ကော်နက်ရှင်တွေ ပြတ်တောက်တဲ့ ညတိုင်း
ဖုန်းလိုင်းမအားတဲ့ အခါတိုင်း
ဘယ်လိုပဲ စိတ်ဖောက်ဖောက်
သူမရဲ့ ဟယ်လို ချိုချို လေးကို
နှိုက်မြည်းခွင့်ရတိုင်း
ဒေါသတွေ ပျောက်ရှ
အချစ်စိတ်သာကြီးစိုး
အရာရာကို ကန်းခဲ့ဖူးတယ်......။

ဟုတ်ပါတယ် ဖေဖော်ဝါရီရေ
အချစ်တွေဖုံးလို့ ကန်းခဲ့ပါတယ်
ကျေးဇူးတင်ပါတယ် ဖေဖော်ဝါရီရေ
ဘယ်သူမှမသိခိုက် တိုးတိုးတိတ်တိတ်လေး
နမ်းလိုက်ပါတယ် မိန်းမငယ်ရေ............။

လေတံခွန်



အဖြူရောင်ဆယ့်လေးရက်

တစ်ဆယ့်နဲ့လေးရက်မြောက်နေ့လေး
တစ်ခါတစ်ခေါက်တော့ အတူဖြတ်သန်းဖူးချင်တာပေါ့
ဖေဖော်ဝါရီဟာ ရေခဲခောတ်က ငှက်တွေလိုပဲ
ငါ့အတွက်တော့ ရှာဖွေဖို့ခက်ခဲ ခဲ့တဲ့
ပြက္ခဒိန်ထဲက ဒဏ္ဍာရီတွေ.............

အရာရာကအေးစက်တောင့်ခဲလို့
မနီးစပ်နိုင်တော့ဘူးလားလို့ တွေးမိတိုင်း
မျက်ရည် စက်လက် နဲ့ မနက်ဖြန်တွေ
ည, ည ဆို အဘိုးပြောတဲ့ ပုံပြင်တွေအတိုင်း
ရှေးရှေးတုန်းကပေါ့ကို ခဏ ခဏ ကြားယောင်မိတုန်း......

စကားလုံးက လှတပတ
နုနုရွရွလေးတွေ
လုပ်ရက်က ပက်စက်
သွေးအေးလူသတ် သမားထက်တောင် ရက်စက်သေး.....
ခံစားချက် အတု အစစ်တွေကြား
ငါသွေးအေးစွာပဲ ခံစားတတ်ချင်တယ်.....။

စကားလုံးတွေနဲ့ လုပ်ဆောင်ချက်တွေ မတူညီတော့တဲ့ အခါ
စကားလုံးတွေကို ယုံကြည်ရမှာလား
လုပ်ဆောင်ချက်တွေကို ယုံကြည်လိုက်ရမှာလား
ဒါပေမရ့် နင်ပြောတဲ့ခံစားချက်တွေကိုတော့ ငါပိုင်ချင်တရ် ... ။

ထင်ရာမြင်ရာတိုင်း
စိတ်လွတ်ကိုယ်လွတ်ပြောကြေးဆိုရင်
ငါနင့်ကို မျက်စိစုံမှိတ်ပြီး ရင်ဘတ်ထဲ ထည့်ထားတယ် ... ။

တစ်ခါ တစ်ခါ ငါ့ရင်ဘတ်ထဲက ခုန်ထွက်ချင်တာကလွဲလို့
နင့်အတွက် အပြစ်ဆိုတာ မရှိသလောက်ရှားပါးလွန်းပါတယ်
အပ်တစ်ထောက်စာက ငါ့အတွက်တော့ဆပ်ပြာပူပေါင်းကွဲသလောက်ဖြစ်ခဲ့တယ်ဆိုတာကလွဲလို့ပေါ့

ကြုံရ ဆုံရ မြင်ရ ကြားရ သမျှ သာ ငါလက်ခံနိုင်ခဲ့ရင်
ဒီကမ္ဘာလောကကြီးမှာ ရှိနေတော့မှာမဟုတ်လေတော့ဘူး
တစ်ခွန်းတည်းသောစကားကိုသာဆိုပါလေ လို့ ပြောခဲ့ရင်တော့
ရင်တွင်းစကားတစ်ခွန်းသာလိုချင်မိပါတယ်
အဖြူသက်သက်စကားတစ်ခွန်းပေါ့ .... ။

( လေတံခွန် ၊ cupidkgmalay ၊ သွေး )

Thursday, February 7, 2013

ဘယ်လိုပြောရမလဲဗျာ .....


ယုံကြည်ခြင်းဆိုတာကိုရယူဖို့အတွက်
စကားလုံးတွေနဲ့ဖွဲ့နွဲ့ပြီး မပြောဆိုချင်တာက ကျွန်တော့်သဘာဝ

ယုံကြည်မှုဆိုတာ
အော်ဟစ်တောင်းဆိုလို့ရနိုင်တဲ့
အရာမျိုးလား ...

ခေတ်နှောင်းတေးသီချင်းတစ်ပုဒ်လို
အချိန်ယူနားထောင်မှ သိနိုင်မယ့် တန်ဖိုးမျိုးနဲ့

ဘယ်လိုပြောရမလဲဗျာ .....
ယုံကြည်ခြင်းဆိုတာကိုရယူဖို့အတွက်
စကားလုံးတွေနဲ့ဖွဲ့နွဲ့ပြီး မပြောဆိုချင်တာက ကျွန်တော့်သဘာဝ ....

လူဆိုတာလည်းအခက်သား ....
ယုံကြည်မှုတော့လိုချင်ကြတယ်
ယုံကြည်အောင်ကြိုးစားဖို့ကျတော့
တွန့်ဆုတ်နေကြပြန်ရော ......






Thursday, December 27, 2012

ပြောင်းလဲခြင်းများရဲ့လှည့်ကွက်


သူမ
ကျွန်တော့်ဘေးနားမှာထိုင်နေတာ
စကားတစ်ခွန်းမှ မပြောပဲ
သူမ အသက်ရှုသံလေးနဲ့တင်
ကျွန်တော့်ရင်ခုန်သံတွေကိုမြန်စေခဲ့သူ ....

တိမ်တိုက်တွေပေါ်ပြေးလွှားကစားနေရသလို
သူမနဲ့စကားပြောတိုင်း
ရင်သက်လှိုက်မောမိတယ်
ဆွဲဆောင်သူကတော့ရိုးရိုးသားသားပေါ့
ကျွန်တော်က မှ မရိုးသားပဲ

အဖြူသက်သက် ရှိစဉ်တုန်းက
သူမ စကားပြောတိုင်း
အသက်ရှုဖို့ မေ့နေခဲ့တဲ့ကျွန်တော်
နှစ်ယောက်တည်းလက်တွဲလျှောက်ရတဲ့
အချိန်ရောက်လာတော့
လောကကြီးကိုပါမေ့သွားခဲ့တယ်
ကျွန်တော်က အရမ်းချစ်နေခဲ့တာကိုး

တကယ်တမ်း အချစ်ဆိုတာကို စစ်ကြောကြည့်တော့
သူမ နဲ့ ကျွန်တော်
နီးစပ်လွန်းခဲ့သားနဲ့ မသိလိုက်တဲ့ဖြစ်ခြင်း
တစ်ယောက်အမြင်ကို တစ်ယောက်က ရိုက်ချိုး
နီးစပ်ဖို့ မဖြစ်တော့လို့
ဟိုး.......... အဝေးကြီး.......
ဟုတ်တယ် အဝေးကြီး...........။

ပြန်လည်တည်ဆောက်ထားတဲ့
ချစ်ခြင်းအိပ်မက်တွေ
တဖြည်းဖြည်းနဲ့ပျက်သုဉ်း
ဆိတ်ငြိမ်သွားတာ တစပြင်လို
အစားထိုးလို့မရတဲ့ ဆုံးရှုံးခြင်း
ယုံကြည်မှု.......
ဟုတ်တယ် ယုံကြည်မှု.............။


ထွက်ခွာသွားတဲ့ ရထားတစ်စင်း
လက်ပြကျန်ခဲ့သူ ဘူတာအို
အဝေးဆုံးမှာ ဆွံ့အ
အမှားတွေ ရှိခဲ့မှန်းသိလျက်
အခုတော့.........
 ပြန်မလာတော့ဘူး....။



(သွေး Vs လေတံခွန်)

Saturday, December 15, 2012

"ကောင်မလေး.....သို့"

မပီကလာ အသံဝဲ၀ဲလေးနဲ့
ဂျယ်လီလေးဆို သူသိပ်ကြိုက်တယ်......။

ပါးစောင်လေးမှာ သိုသိပ်ထားတတ်တဲ့
ပီကေလေးကိုလဲ လူရှေ့ရောက်ရင်
တဖြောက်ဖြောက်နဲ့ မှုတ်ဖောက်တတ်သေးတယ်.......။

"ခိုးခိုးခစ်ခစ်"
သူ မရယ်တတ်ပေမဲ့
အပြုံးလေးတစ်ခု နှုတ်ခမ်းစွန်းကထွက်ပြူကျရင်တော့
"ပါးချိုင့်လေးနှစ်ခု" အပိုဆုအဖြစ်
ပါးပြင်မှာ လရောင်လိုလင်းတယ်..........။

သွက်လက်ပွင့်လင်းတဲ့ ဟန်ပန်အောက်မှာ
ငိုရှိုက်လွယ်တဲ့ နှလုံးသားနုနုကို
သနပ်ခါးလေးနဲ့ဖုံး
သူ.....ဟန်ဆောင်ပြုံးလေး ပြုံးတတ်တယ်။။။။

မိုးရေထဲမှာ............
ကလေးတစ်ယောက်လို မိုးစက်တွေနဲ့ လွင့်မျောရရင်
သူ ပျော်နေတတ်ပေမဲ့
မိုးခြိမ်းသံ လာရင်တော့
ငိုမဲ့မဲ့လေး.......ရှိုက်ငိုချင်သေးတယ်။


စိတ်ကလေး ကောက်ရင်
ဒေါသလေးနဲ့ ငေါက်တတ်တဲ့
သူ့နှုတ်ခမ်းစူစူအောက်မှာ
ရှဥ့်ကလေးနှစ်ကောင် ငုတ်တုတ်လေး ထိုင်နေတတ်တယ်။

တကယ်ပါ........
တခါတလေ.......
ကျနော့်အပေါ်
ဆရာ လုပ်တတ်တာလေး တစ်ခုကလွဲလို့
"သူ.......သိပ်ချစ်ဖို့ကောင်းတယ်"ဆိုတာ
သက်သေပြစရာ မလိုတဲ့အချစ်သီအိုရီတစ်ခုပေါ့ဗျာ။။။။။။။။
                                                                                  13.12.12
                                                                                   မျိုးကို(MS)




"မီးရောင်မှိန် အပြုံး"

အပြုံး"ဆိုတာ အမြဲချိုမြိန်နေတာမဟုတ်.....။

ငွေကြေးလွှမ်းထားတဲ့ အမဲလိုက်မုဆိုးတွေကြားထဲ
အလိုက်သင့်လေး ပွင့်ရတဲ့အပြုံးပန်းခါးခါးမှာ
ဟန်ဆောင်နွမ်းလျမှုလေး ရောစွက်
ငွေကြေးကိုဖက်တွယ်ထားတယ် ဆိုတာ
အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို ဘယ်သူယုံကြည်မှာလဲကွယ်........။

လရောင်လေးနဲ့ သာတဲ့ညမှာ
ဖိတ်စင်နေတဲ့ အရက်ခွက်ပေါ်.......
အသက်မဲ့ခြင်္သေ့ခြွေတဲ့ ပန်းအကြွေအပြုံးတွေ
ရင်ထဲကမပါဘဲ နှုတ်ခမ်းပါးထက်လှိုက်လှိုက်လှဲလှဲတင်တတ်နေတာ
မီးရောင်မှိန်တဲ့ဘ၀စင်ပေါ်က  ဆရာမသင်ပဲ တတ်တဲ့သင်ခန်းစာတွေပါ........။

ဘ၀ကပြောတယ်
မင်းပြုံးရင် တစ်အိမ်လုံးထမင်းဝမယ်တဲ့......။
ပုရိသတွေကပြောတယ်
မင်းပြုံးရင် ညကလှတယ်တဲ့..........။
အပြုံးတစ်ချက်လက်ရင် ပန်းတစ်ကုံး
ပုခုံးထက်မှာ နားတာမို့
ညဆို.....ခဏခဏ ကျမ ပြုံးတတ်ခဲ့တယ်။။။။

ညစဉ်ထုတ်အန်နေရတဲ့ သီချင်းသံတွေနဲ့
မလှပတဲ့ ဘ၀ပန်းရဲ့ ရနံ့အပြုံးတွေဟာ
အမေ့ဆီပို့တဲ့ စာအိတ်နွမ်းနွမ်းထဲမှာတော့
မျက်ရည်မဆည်နိုင်တဲ့ အသပြာခပ်လန်းလန်းတွေပါ.......အမေ။


အမေတို့အိမ်ထမင်းဝိုင်းလေး စိုပြေဖို့
သမီးအပြုံးတွေ ပန်းကုံးကြိုက်တတ်လာပီ......အမေ။။။။။။
                                                                                             ၁၄.၁၂.၁၂
                                                                                              မျိုးကို(MS)







Wednesday, December 5, 2012

တစ်ဦးတည်းသောချစ်သူ


သူမကလည်းကျွန်တော်
ကျွန်တော်ကလည်းသူမ
ခွဲခြားပြီးမြင်လို့မရတဲ့ ရင်ဘတ်နှစ်ခုအတွက်
သူမရဲ့အရိပ်အဖြစ်ဘေးနားမှာရှိနေပေးခဲ့တယ် ။

ကျွန်တော့်ဘ၀က သူမဖြစ်သလို
သူမဘ၀အတွက်လည်းကျွန်တော်အဆင်သင့်ဖြစ်နေပေးခဲ့တယ်။
လိုအပ်တာထက်ပုံမှန်မဟုတ်တဲ့ အချစ်တွေအတွက်
ကျွန်တော့်မှာဖွဲ့နွဲ့စရာမဲ့နေခဲ့ပြီ။

ကျွန်တော်ပြောမထွက်ခဲ့ပါဘူး
မပြောရက်ခဲ့ပါဘူး
ကျွန်တော်ပြောလိုက်တဲ့စကားလုံးတိုင်းဟာ
ကျွန်တော်တို့နှစ်ယောက်ချစ်ခြင်းအတွက် 
မလုံလောက်ခဲ့ဘူး ..။ 

ကျွန်တော်ဘယ်လောက်ချစ်တယ်ဆိုတာပြောဖို့ 
စကားလုံးရှာမရသလို ..
သူမအချစ်တွေအတွက်လည်း
နှိုင်းယှဉ်စရာမဲ့နေခဲ့တယ်


Saturday, December 1, 2012

ရာဇ၀င်ထဲက ရာဇ၀င်



လေးတင်ပွဲမှာ အရေးနိမ့်ခဲ့ရုံမက ချစ်သူကိုပါလက်လွတ်ခဲ့ရတဲ့ ဒဿ

မိမိအလိုရှိရာကို ပြန်လည်ရယူနိုင်ရုံသာမက ရန်သူကိုပါ အနိုင်ပိုင်းခဲ့တဲ့ ရာမ

ချစ်နေပါလျှက် မြိုသိပ်ပြီး အကိုဖြစ်သူအတွက်မြိုသိပ်ပေးခဲ့တဲ့လက္ခဏာ

ဒီသုံးယောက်ကြားမှာ

မယ်သီတာ အကောင်းဆုံးလုပ်ဆောင်ပေးသွားတာက

သစ္စာစောင့်သိခြင်း



Friday, November 30, 2012

ကျွန်တော် နဲ့ ဒီဇင်ဘာ ...

ရောက်လာပြန်ပေါ့ ဒီဇင်ဘာ ...



2004 ဒီဇင်ဘာ 29 ရက်နေ့မှာ ကျွန်တော် ဒဏ်ရာတစ်ခုရခဲ့တယ်




နောက်ထပ် ခုနှစ် နှစ် အကြာ


29.12.2011 မှာဒဏ်ရာအသစ်တစ်ခုထပ်တိုးခဲ့တယ်



အခုလည်း ဒီဇင်ဘာ ရောက်ဖို့ နှစ်ရက်အလိုမှာ 




ကျွန်တော့်စိတ်ထဲ ဒဏ်ရာအသစ်တစ်ခုထပ်တိုးပြန်တယ်




မုန်းရပြန်ပေါ့ ဒီဇင်ဘာ ....



29.11.2012



Tuesday, November 20, 2012

"အိမ်လွမ်းဌ က်ငယ်"

ရေကြည်လေး တစ်ပေါက်စာအတွက်
ထမင်းဝိုင်းလေး ၀မ်းမီးငြိမ်းအောင်
မိတ်ကပ်ဖွေးဖွေးလေးလိမ်း
တိုနံ့နံ့ စကပ်ပါးလေးနဲ့
အိတ်ကပ်ထဲက အပြုံးလေးကို နှုတ်ခမ်းပါးထက် မြန်းပြီး
ညအခါ လကွယ်ခဲ့ရတဲ့ ဘဝ
အများခေါ်တဲ့ တို့နာမည်က"ညဥ့်ဌက်လေး" တဲ့။။။။။။။။။

ညဌက်ကလေး နမ်းတဲ့ပန်းဟာ
မလန်းပေမဲ့......
ဘ၀နွမ်းနွမ်းထဲက ငွေကြေးတွန့်ကြေကြေတွေဟာ
အမေတို့အတွက် ထမင်းစားလက်မှတ်လေး ဖူလုံမှာပါရှင်။

""အမေ နေကောင်းရဲ့လား""
သမီးဖုန်းမှန်မှန် မဆက်တာ........
သမီးအိပ်ချိန်လေးတွေ တိတ်တိတ်လေး ခိုးရောင်းထုတ်နေရလို့ပါ အမေ။။။။
ညီမလေးနဲ့ မောင်လေးရော
ကျောင်းစာတွေ လိုက်နိုင်ကြရဲ့လား........
သူတို့လေးတွေ ပညာတတ်ကြီး ဖြစ်ရင်
တစ်လောကလုံးမှာ သမီးအပျော်ဆုံးဖြစ်မှာ.........အမေရဲ့။

အမ...မသင်လိုက်ရတဲ့ ကျောင်းစာလေးတွေသင်ဖို့   
ညီမလေးတို့ဆီ.....
အမရဲ့နေမ၀င်ခင်အချိန်လေးမှာ ပြန်ခဲ့မယ်။။။။။
အမတတ်တဲ့ ဘ၀စာမျက်နှာတွေကိုတော့
မြို့ပြရဲ့ ညအခါလသာသာထဲက ညတေးသွားလေးအဖြစ်
ကမ်းနံဘေး မှေးတင်ချန်ခဲ့တော့မယ်ကွယ်.....။

အမေရေ......မောင်လေးရှင်ပြုဖို့
သမီးငွေစုပြည့်ရင် ပြန်လာခဲ့ပါ့မယ်။။။
အဖေ့အတွက်လဲ ကောင်းမှုပြုအမျှဝေ ချင်တယ်....
သမီးတို့ မိသားစုလေးရဲ့ အပျော်တွေ မဝေးတော့ဘူး ထင်တယ်နော် ။။။။

အမေရေ.....
မနက်အိပ်ရာဝင်တိုင်း
သမီးငိုတယ်..သိလား
သမီးတို့ အိမ်ယိုင်ယိုင်လေးကို လွမ်းလို့လေ။။။။။။။
                                                                        ၂၀.၁၁.၁၂
                                                                           MS
             
                                                                    
                                                      

Friday, November 16, 2012

အဖြည့်ခံ ... ရင်ဘတ်


မှင်သေသေ အသက်မဲ့လွန်းတဲ့
အကြည့်နဲ့
ဘယ်လို မျက်ဝန်းမျိုးလဲ ။

အသွားအပြန် အနှောင့်အသွား မလွတ်တဲ့
ပြောဆိုမှုတွေက
ဘယ်လိုစကားလုံးတွေလဲ ။

ညီညာမှုမရှိပဲ ဖြစ်သလိုရွေ့လျှားနေတဲ့
ခြေထောက်တစ်စုံနဲ့
ဘယ်လိုခြေလှမ်းတွေလဲ ။

စည်းချက်မညီတဲ့ သံစဉ်တွေ
တီးခတ်နေတဲ့
ဘယ်လိုရင်ဘတ်ကြီးလဲ ။

ဒီလိုနဲ့ပဲ ...
ကျောခိုင်းသွားတော့မှာလား ။

စည်းချက်မညီ ပေမယ့်
ဆက်လက်တီးခတ်နေတဲ့
ရင်ခုန်သံတွေ

ဒီလိုနဲ့ပဲ ဒီရင်ကိုခွဲပေးရမှာပေါ့
နောက်ဆုံး
အသက်မပါလှတဲ့အပြုံးတစ်ခုနဲ့
အချစ်မပါတဲ့ သံယောဇဉ်တစ်ခု
ဘယ်လိုနှလုံးသားမျိုးလဲ ။

အဖြေရှာဖို့တော့ ခက်ခဲနေဆဲ
ခံစားကြည့်ရင်သိနိုင်ပေမယ့်
ခံစားချက်မဲ့လွန်းနေခဲ့တယ်

နောက်ဆုံးတော့လည်း
ကျေကျေနပ်နပ်ကြီး
ခွဲပေးခဲ့တဲ့
ငါ့ရင်ဘတ်ကြီးသာ အဖတ်တင်ခဲ့တယ် ။



Thursday, November 15, 2012

ထပ်တူကျနှုတ်ခမ်းတစ်စုံ


ငါ့နှုတ်ခမ်းပေါ်က

ထပ်တူကျနေတဲ့

နှုတ်ခမ်းတစ်စုံကို

အရသာခံကြည့်တဲ့အခါ

အစိမ်းသက်သက်ဖြစ်နေတယ်

ခံစားချက်မဲ့လွန်းနေတာလား

မင်သက်နေခဲ့တာလား

ငါကိုယ်တိုင်ဝေခွဲမရတဲ့အချိန်မှာ

အိပ်မက်ထဲက ငါ ပြုတ်ကျခဲ့တယ်

လက်ရှိလောကထဲမှာ

ယောင်လည်လည်နဲ့

ဧရာဝတီမြစ်ကြီးခမ်းခြောက်သလိုမျိုး

ငါ့လည်ချောင်းတစ်လျှောက်ခြောက်သွေ့လွန်းနေတယ်

ပိုင်ရှင်မဲ့နှုတ်ခမ်းတစ်စုံကို

ကြိုးတပ်ပြီးလိုရာဆွဲခေါ်နိုင်ခဲ့လေသူ ...

သူမ ဘယ်သူလဲ ....

အညိုရောင်မျက်ဝန်းကတစ်ဆင့်သူမအကြောင်း မသိခဲ့ရဘူး

ပန်းနုရောင်နှုတ်ခမ်းကနေ သူမစကားသံတွေထွက်မလာခဲ့ဘူး

သေချာတာက

သူမလည်းမင်သက်နေခဲ့လေပြီ... ။


ထပ်

တူ

ကျ

တဲ့

နှုတ်

ခမ်း

တစ်

စုံ



Wednesday, November 14, 2012

"ဆောင်း ခို ဌက်"


ဆောင်း ခို ဌက် လေး ရေ.........

ဆောင်းရဲ့ နံနက်ခင်းမှာ
မင်းရဲ့......
ခဏတာ ဂရုပြုမှု အတွက်
ရင်ထဲက ဆေးသားကို.....ခပ်ရင့်ရင့်လေး ခြယ်သမိတော့
မင်းနှလုံးသားက ဆေးဆိုးပန်းရိုက်မျက်နှာလေး လို
မာယာက မာနရောင်လေး.....ခပ်လဲ့လဲ့။။။။။။။
ဒီဆောင်းလေးတော့ ငါ့အတွက်အဓိပါယ်မဲ့ သွားခဲ့ပြီ.........

အသွင်ပြောင်းတဲ့ ဆောင်းကြောင့်
ငါရင်ပူ ရတယ်.........ဆောင်းခိုဌက်ကလေးရယ်။
ငါ့ရင်ထဲ က ဆောင်းပါ.....ဥတုဖောက်ပြီး
ငလျင်ပါးပါးလေး လှုပ်ခတ်သွားတော့လဲ
မြေထဲပင်လယ်ထဲက နှလုံးသားမြို့ငယ်......အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်။။။။

မင်းထားခဲ့တဲ့ ချောက်ကမ်းပါးမှာ
ငါရဲ့နှုတ်ဆိတ်နေတဲ့ မျက်ဝန်းက ထွက်ကျလာတဲ့
"အက်ကွဲမျက်ရည်" တွေကို
မင်းလှောင်ရယ်နေမလား......ဆောင်းခိုဌက်ကလေးရယ်.......။
ဒါဆိုရင်တော့
ဒီဆောင်းမှာ ထင်းရှူးတွေ ငိုပြီး
ချယ်ရီတွေလဲ မှောင်ရိပ်ခိုသွားနိုင်တယ်။။။။။
.
.
.
ဆောင်းခိုဌက်ကလေးရေ
"မင်းကို ချစ်တဲ့ နှလုံးသား တစ်ခု
နှင်းဖုံးပျောက်ကွယ် လွမ်းနေမယ်" ဆိုတဲ့
ဆောင်းလေပြေ နဲ့ပါးတဲ့ အမှာစကားတစ်ခွန်းတော့
ဒီဆောင်းမကုန်ခင်
မင်း  ကြားနိုင်ပါစေကွယ်..............
....................................
...............................။
                                                                                       ၁၃.၁၁.၁၂
                                                                                      MS

နှလုံးသားခရီးသည် ...


နေ့စဉ်နေ့တိုင်း
ညနက်နက်တွေကို
ခြုံပြီးအိပ်တဲ့ကောင်မလေးနဲ့

မနက်ခင်းတိုင်း
နေရောင်ခြည်နဲ့
အိပ်စက်တဲ့ ကျွန်တော်

ကျွန်တော်တို့ဆုံမှတ်က
သံစဉ်ရှာမရတဲ့
တေးသွားတစ်ပုဒ်လို
နားဝင်တော့သိပ်ချိုလှတယ်မဟုတ်ဘူးဗျာ .... ။

တနေရာအရောက်တော့
ဆုံတွေ့မှာပဲလို့ စိတ်ထဲ သော့ခတ်သိမ်းထားတဲ့
မျှော်လင့်ချက်ကြီးထမ်းပိုးလို့
လျှောက်ခဲ့တဲ့လမ်းတွေကလည်း မိုင်ပေါင်းများလှပြီ ... ။

ပုံမှန်မဟုတ်တဲ့ ရင်ခုန်သံတွေနဲ့
ပုံမှန်မဟုတ်တဲ့ မျှော်လင့်ချက်တစ်ခုဆီကို
လျှောက်လှမ်းနေတာ မိုက်မဲလွန်းပါဘိ ...။

အဖြူရောင်လွမ်းမိုးနေတဲ့ သက်တန့်ငယ်လို
ခံစားချက်မဲ့တဲ့ မျက်နှာတစ်ခုကြောင့်
အိပ်ပျက်ပေါင်းလည်းများလှပြီ ... ။

ဘယ်အချိန် နေထွက်မယ်မသိတဲ့
ကျွန်တော့်မနက်ဖြန်များစွာအတွက်
လိုအပ်နေတာ
အေးမြတဲ့ အပြုံးတစ်ခုဆိုတာ
သူသိခဲ့မယ်ဆိုရင် ......


Monday, November 12, 2012

အလွမ်း ရက်ရှည် .....



မနက်ခင်းတိုင်း
ထွန်းတောက်နေတဲ့နေမင်းကြီး
ပုံမှန်အတိုင်း
မထွက်လာနိုင်ခဲ့ရင်

ညစဉ်ညတိုင်း
ဝင်းပနေတဲ့ လ၀န်းလေး
ပုံမှန်အတိုင်း
မထွက်လာနိုင်ခဲ့ရင်

နေ့စဉ်နေ့တိုင်း
မြင်တွေ့နေရတဲ့ မျက်နှာလေး
ပုံမှန်အတိုင်း
မြင်ခွင့်မရခဲ့ဘူးဆိုရင်

နေ့စဉ်နေ့တိုင်း
ကြားနေရတဲ့ ရယ်သံလေး
ပုံမှန်အတိုင်း
ကြားခွင့်မရခဲ့ဘူးဆိုရင်

ရှိရင်းစွဲ အဖြစ်အပျက်တွေ ကတော့
မပြောပလောက်ဘူးဆိုပေမယ့်
ထူးထူးခြားခြားချစ်မိခဲ့တဲ့ကျွန်တော့်အတွက်ကတော့
နေမထွက် လမသာ တဲ့အချိန်တွေ ထက်ဆိုးဝါးနေတယ်




Friday, November 9, 2012

လူအို

လူအို


ဆောင်းဦးပေါက်သစ်ပင်
လူအိုရုံတွေလိုပဲ
အထီးကျန်ခြင်း
ဆိတ်ငြိမ်ခြင်း အပြည့်နဲ့..........။
အာရုံတွေကင်း
အထားအသိုတွေ မှားခြင်း
ဒါတွေကိုအပြစ်လို့မမြင်ပါနှင့်
လူအိုဆိုတာကို နားလည်ပေးပါ..........။
စကးတွေထပ်ကာပြော
တစ်ခုတည်းကိုပဲ ဆန်းသစ်
ဒါကလူအိုတွေရဲ့ အဖြစ်မို့
စိတ်ရှည်ပေးလိုက်ပါ......................။
မီးစာတွေလဲကုန်ပြီ
ဆီတွေလဲခမ်းပြီ
စိတ်ကတော့မခမ်းသေးဘူးလေ
သူ့မှာလဲသူ့အတွေး
ကလေးလိုပဲ တွေးချင်တွေးမယ်
ကြီးမှတစ်ဖန်နုပျိုတတ်တာကိုး.........။
နားလည်ပေးပါ.......
နားလည်ပေးပါ.......
အိုသူတွေရှိလို့  ပျိုသူတွေရှိတာ
ယနေ့ရဲ့ အသုံးအဆောင်တွေက
ယခုလူအိုတွေလုပ်ခဲ့တဲ့ ဆန်းသစ်ခြင်းတွေပဲ.....
ဒီနေ့မှာသင်ဟာပျိုသူဆိုလဲ
နောက်တစ်နေ့မှာ အိုသူဖြစ်လာမှာပဲလေ.....
ဒါကြောင့်  နားလည်ပေးပါ.......
ဆောင်းပေါက်တဲ့သစ်ပင်တွေ
မိုးရောက်ရင် ဆန်းသစ်ခြင်းတွေ
နောက်ထပ်တဖန် သစ်လာလိမ့်မယ်........။

{လေတံခွန်}

Tuesday, November 6, 2012

"အငို လွယ်သူ"


အမေ့ရဲ့ ရင်ငွေ့နွေးနွေးထဲ
ခိုလုံခွင့် ရတဲ့ ဘ၀ရဲ့ စာမျက်နှာသစ်မှာ
အဖေ့ရဲ့ တီတီတာတာ ချော့မြူမှုအောက်
မပီကလာ အူဝဲအသံလေး အစပြုချိန်
လောကကြီးက
ကိုယ့်ဆီ မျက်စောင်းတခဲခဲနဲ့.......အသော့နှင်လာတယ်။
သူ့ကို ကြောက်တာနဲ့ပဲ
အဲဒီမှာ ကိုယ်စငို ဖြစ်တယ်။

ကိုယ့်ရဲ့ နှလုံးသားလေး
ပုခက်နဲ့ မဆန့်တော့တဲ့ အရွယ်
သစ်ရွက်လေးလှုပ်တာကို
ရယ်သံ လေးနဲ့နိဒါန်းပျိုး
နတ်သမီးလေး ဖန်ဆင်းတဲ့
ဌက်ကလေးနဲ့မနက်ခင်း......အိပ်မက်
မပြီးဆုံးခင် ကိုယ်လန့်နိုး
ရင်ခုန်သံလေး "ဖုတ်ကနဲ"ကြွေ
အလွမ်းခရီးလေး အစပြုချိန်

လောကကြီးက
ကိုယ့်ဆီ မျက်စောင်းတခဲခဲနဲ့.......အသော့နှင်လာတယ်။
သူ့ကို ကြောက်တာနဲ့ပဲ
အဲဒီမှာ ကိုယ် ဒုတိယမ္ပိငိုဖြစ်ခဲ့တယ်။

အတွေ့လေးတွေလဲ ကြုံခဲ့
လမ်းကြုံလေးတွေနဲ့လဲ တွေ့ခဲ့ပြီး
ထမင်းစားသက်လေးလဲ ရလာတော့
အစားတစ်လုပ်ကို တစ်ဝက်လျှော့
ဥပုသ်ရက်မှာ ပုတီးလေးနဲ့
တီးတိုးစကားပြောရင်း
တရားသံလေး အစပြုချိန်

လောကကြီးက
ကိုယ့်ဆီ မျက်စောင်းတခဲခဲနဲ့.......အသော့နှင်လာတယ်။
သူ့ကို ကြောက်တာနဲ့ပဲ
အဲဒီမှာ ကိုယ် တတိယမ္ပိငိုဖြစ်သေးတယ်။

အဲဒီနောက်တော့.......
မနက်ဖြန်တိုင်းမှာ....မပြည့်မစုံနဲ့
                                တဖြည်းဖြည်း
                                         ပြုံး
                                         တတ်
                                         လာ
                                        ခဲ့တယ်....။။။။။။။။။။
                                                                               ၆.၁၁.၁၂
                                                                                  MS
                                                                                   
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!