.... ယနေ့သည်......

Sunday, August 25, 2013

အိပ်မက်ပြခန်း အမှတ်စဉ် - ၁ [ခဏတဖြုတ် လောက် ဖြစ်ဖြစ်ပေါ့]

ခဏတဖြုတ်လောက် ဖြစ်ဖြစ်ပေါ့
ရင်ဘက်ကို ပါဆယ်ထုတ်ပြီး
လက်ဆောင် ပို့လိုက် ပါရစေ.......

အထဲမှာ.....
အနီရောင် နှလုံးသား အကြွင်းအကျန် တချို့
ပြန်မရနိုင်တော့သော အပြာရောင် အချိန်ကာလများ
လွင့်ပြယ်သွားခဲ့ပြီဖြစ်သော အိပ်မက်အနမ်းတချို့
အစားထိုးမရသော အ၀ါရောင် ကိုက်ခဲမှုများ
ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
လက်ခံထားလိုက်ပါ......
အချိန်ကာလတစ်ခုအထိပေါ့ Eve Maple.......။

ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
နင့်မျက်နှာကို ပြန်ကြည့်ပါရစေဦးလား.....
အဲ့သည့်အခိုက်အတန့်မှာ.....
ပြန်မဝေနိုင်တော့သော သစ်ရွက်များ
မလန်းဆန်းနိုင်တော့သော ရင်ပွင့်ပန်းတချို့
စုပ်ယူပြီးကာမှ ပြန်လည်ထွေးထုတ်လိုက်ရတဲ့
ပျားတစ်ကောင်ရဲ့ ချိုမြိန်ရှတ ၀တ်ရည်များ
အဲ့ဒါတွေကို ပျားရည်လုပ်သောက်ပြီး
ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
နင့်ဘ၀ ချိုမြိန်ပါစေ Eve Maple.....။

ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
နင်ထိုးဝှက်ထားတဲ့ မျက်စောင်းချက်လေးတွေ
ငါပြန်ထုတ်ကြည့်ပါရစေ.....
အစိမ်းသက်သက် မျက်ဝန်းများက
စွန့်ပယ်လိုက်တဲ့ အဓိပ္ပါယ်မဲ့သော မျက်စောင်းများ
အပြုံးအရယ် မရှိသော နှုတ်ခမ်းများက
ထွက်ကျလာသော တောင်စဉ် ရေမရ စကားသံများ
ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
ငါပြန်ကြားခွင့် ရပါစေ Eve Maple...။

ရင်ဘက်စောင့်တဲ့နတ်ချင်း အချင်းများ
ငါတို့ ဝေးသွားတဲ့အခါ
ခဏတဖြုတ်လောက်ဖြစ်ဖြစ်
ငါ့ကို သတိရ ပေးပါ Eve Maple....။
{လေတံခွန်}

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!