.... ယနေ့သည်......

Sunday, August 25, 2013

အိပ်မက်ပြခန်း အမှတ်စဉ် - ၁ [ခဏတဖြုတ် လောက် ဖြစ်ဖြစ်ပေါ့]

ခဏတဖြုတ်လောက် ဖြစ်ဖြစ်ပေါ့
ရင်ဘက်ကို ပါဆယ်ထုတ်ပြီး
လက်ဆောင် ပို့လိုက် ပါရစေ.......

အထဲမှာ.....
အနီရောင် နှလုံးသား အကြွင်းအကျန် တချို့
ပြန်မရနိုင်တော့သော အပြာရောင် အချိန်ကာလများ
လွင့်ပြယ်သွားခဲ့ပြီဖြစ်သော အိပ်မက်အနမ်းတချို့
အစားထိုးမရသော အ၀ါရောင် ကိုက်ခဲမှုများ
ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
လက်ခံထားလိုက်ပါ......
အချိန်ကာလတစ်ခုအထိပေါ့ Eve Maple.......။

ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
နင့်မျက်နှာကို ပြန်ကြည့်ပါရစေဦးလား.....
အဲ့သည့်အခိုက်အတန့်မှာ.....
ပြန်မဝေနိုင်တော့သော သစ်ရွက်များ
မလန်းဆန်းနိုင်တော့သော ရင်ပွင့်ပန်းတချို့
စုပ်ယူပြီးကာမှ ပြန်လည်ထွေးထုတ်လိုက်ရတဲ့
ပျားတစ်ကောင်ရဲ့ ချိုမြိန်ရှတ ၀တ်ရည်များ
အဲ့ဒါတွေကို ပျားရည်လုပ်သောက်ပြီး
ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
နင့်ဘ၀ ချိုမြိန်ပါစေ Eve Maple.....။

ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
နင်ထိုးဝှက်ထားတဲ့ မျက်စောင်းချက်လေးတွေ
ငါပြန်ထုတ်ကြည့်ပါရစေ.....
အစိမ်းသက်သက် မျက်ဝန်းများက
စွန့်ပယ်လိုက်တဲ့ အဓိပ္ပါယ်မဲ့သော မျက်စောင်းများ
အပြုံးအရယ် မရှိသော နှုတ်ခမ်းများက
ထွက်ကျလာသော တောင်စဉ် ရေမရ စကားသံများ
ခဏတဖြုတ်လောက်ဖြစ်ဖြစ်ပေါ့
ငါပြန်ကြားခွင့် ရပါစေ Eve Maple...။

ရင်ဘက်စောင့်တဲ့နတ်ချင်း အချင်းများ
ငါတို့ ဝေးသွားတဲ့အခါ
ခဏတဖြုတ်လောက်ဖြစ်ဖြစ်
ငါ့ကို သတိရ ပေးပါ Eve Maple....။
{လေတံခွန်}

Thursday, March 14, 2013

သို့ .. ညီမလေး

ညီမလေး
တိမ်တွေ ပြိုတော့မယ် ....
လွတ်ရာကိုသာ ခိုနားပါလေ
ကိုကို့အရိပ်က
ညီမလေးအတွက် အလုံခြုံဆုံးဆိုတာ မေ့နေရော့သလား ...

ညီမလေး
မိုးတွေ ညိုတော့မယ် ....
ဘေးကင်းရာမှာ နားခိုပါလေ
ကိုကို့အရိပ်က
ညီမလေးအတွက် ဘေးအကင်းဆုံးဆိုတာ မေ့နေရော့သလား ...

ညီမလေး
အပြင်လောကကြီးမှာ
မုန်တိုင်းခက်ထန်တယ်ဆိုတာ
ဝတ္တူတွေ ရုပ်ရှင်တွေ ထဲကလို ဖြေရှင်းဖို့မလွယ်တာတော့အမှန်ပါ ...

ညီမလေး
တစ်ချိန်ချိန် ဒုက္ခဆိုတဲ့ဖိနပ်ကြီးကိုစီးထားရပြီဆိုရင်
ကိုကို့ဆီကို ပြန်လာခဲ့ပါ ...
ညီမလေးအတွက် အလှပဆုံးရွှေရောင်ဖိနပ်လေး
ကိုကို ကိုယ်တိုင် ၀တ်ဆင်ပေးဖို့ အသင့်ပါ ....

(သွေး)

Tuesday, March 5, 2013

သူမ နဲ့ ကျွန်တော် ...


ကျွန်တော်က ကျောင်းသားတစ်ယောက်

စင်္ကာပူမှာ Design ဘာသာရပ်ကိုလေ့လာနေတဲ့ကျောင်းသားတစ်ယောက်ဆိုပါတော့ ဗျာ။

ကျွန်တော့်ရင်ခုန်သံတွေ အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်နေတဲ့အချိန်တွေမှာ သူမနဲ့စတွေ့ခဲ့တယ်။

ပျင်းပျင်းရှိ ၀ါသနာအရ အရာဝတ္တုတွေကိုပဲ ဓာတ်ပုံလိုက်ရိုက်နေခဲ့တဲ့အချိန်... ။

နောက်ပြီး ကျွန်တော့် ရဲ့နောက်ထပ်ဝါသနာအရ Online Radio မှာ Dj ၀င်လုပ်တယ် Music Player ပေါ့။

အဲ့ဒီ Radio လေးကြောင့်ပဲ ကျွန်တော့်ရင်ခုန်သံတွေ ပြန်လည်နိုးထလာခဲ့တယ်။


 95.1 Street FM


မိုး ......


သူမကလည်းကျွန်တော့်လိုပဲ Online Radio က Dj တစ်ယောက်။

ကျွန်တော်က သူ့ရဲ့ Senior Dj ပေါ့။

ကျွန်တော်နဲ့သူမဆုံတွေ့ပုံလေးက ရိုးရိုးလေးပဲ။

သူ့ Computer သွားပြင်ပေးတယ်၊ အဲ့ဒီမှာစတွေ့တယ် ဒီလောက်ပါပဲ ။

အဲ့ဒီအချိန်အထိ ကျွန်တော့်ရင်ခုန်သံတွေ အိပ်မောကျနေဆဲ။

ကြားထဲက ရိုးရှင်းလွန်းတဲ့ ဇာတ်ကြောင်းတွေ ခြစ်ထုတ်လိုက်ကြစို့ဗျာ ။

သူမနဲ့ကျွန်တော့်ဇာတ်လမ်းက အခု စပြီလို့ပြောလို့ရတယ်ဗျ ..။

တနည်းပြောရရင်ကျွန်တော့်ရင်ခုန်သံတွေ အိပ်ရာနိုးလာချိန်ပေါ့။

တရက် ကျွန်တော်သူ့အိမ်သွားလည်ဖို့အခွင့်အရေးတစ်ခုရခဲ့တယ်အဲ့တာကလည်းဓာတ်ပုံရိုက်ချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့

နေရာသွားကြည့်တာပါ ။

သူ့အိမ်နားက ရှုခင်းလေးက သိပ်လှတယ်.

ကျွန်တော့်အတွက် အမှတ်တရတွေ အရှိဆုံးနေရာဆိုလည်းမမှားဘူး....။

အမှတ်တရအဖြစ်ဆုံးကတော့ သူ့အိမ်ရှေ့က ခုံစိမ်းလေးတွေ

အဲ့ဒီခုံစိမ်းလေးတွေ ပေါ်မှာ ပဲ ခံစားချက်ပေါင်းမျိုးစုံ ဖြစ်ခဲ့ကြတယ်

ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းအံသြခြင်း စုံလို့ပါပဲ ... ။

မဝေးလွန်းတဲ့ သူမနဲ့ကျွန်တော့်အိမ်ကြားမှာနေ့စဉ်လိုလို ကျွန်တော်ခရီးဆက်ခဲ့တယ်။

ကျွန်တော့်ရင်ခုန်သံရဲ့ခိုင်းစေမှုကြောင့်ပေါ့။

အဲ့ဒီနေ့မှာပဲ သူမလက်ကိုတွဲပြီးကျွန်တော်လမ်းလျှောက်ခွင့်ရခဲ့တယ်။

အထင်တော့မကြီးလိုက်နဲ့ သွားတဲ့နေရာက မှောင်နေတာရယ် ရထားလမ်းဟောင်းဖြစ်တာရယ်ကြောင့်ပါ။

ကျွန်တော်အသက်ရှုဖို့မေ့ခဲ့ရတဲ့သူမရဲ့လက်အေးအေးလေး၊ သူမရဲ့ နောက်ပြောင်ပုံလေးတွေ

စကားပြောဟန်လေးတွေအများကြီးပဲဗျာ ... ။

အဲ့ဒီနေ့က သူမကိုကျွန်တော်ဓာတ်ပုံတစ်ပုံခိုးရိုက်ဖြစ်ခဲ့တယ် ...။

လုံးဝအမှတ်တရပဲ


သူမက မလှဘူး

သူမက မချောဘူး

ဒါပေမယ့်

အရမ်းချစ်စရာကောင်းတယ်

သူမရဲ့အပြုအမူတွေ

သူမရဲ့ စကားပြောဟန်တွေ

အားလုံးကျွန်တော့်ကို စွဲလမ်းစေခဲ့တယ် ...။

ဒါပေမယ့် ကျွန်တော်ဟန်ဆောင်နေခဲ့တယ် ..

သူမနဲ့ကျွန်တော့်ကြားမှာ မဖြစ်နိုင်တဲ့ အကြောင်းတရားတွေ ရှိနေခဲ့သေးတာကိုး ....





(အပိုင်း ၂ - သူမကို ကျွန်တော်ချစ်ခွင့်ပန်ခြင်း)

Monday, February 11, 2013

ဖေဖော်ဝါရီ ထဲက ဂီတ


ဖေဖော်ဝါရီ ထဲက ဂီတ

ဖေဖော်ဝါရီရေ......
သိပ်ကို ကျေးဇူးတင်ပါတယ်
ဆောင်းညပေမယ့် နွေးထွေးဆဲ
သူမ ရဲ့ စကားသံလေးတွေ
" ဟုတ်ကဲ့ရှင့် " တဲ့..
သိပ်ကို တင့် တယ် ခဲ့ပါတယ် ဖေဖော်ဝါရီ......

အချစ် ဆိုတာ နှုတ်ထွက်စကား သက်သက် မဟုတ်ခဲ့
ရင်မှာ သိုသိပ်စွာ ခံစားခဲ့တာပါ ကလေးမရေ
ငါ့မနက်ဖြန်ဟာ နင့်အတွက်
စိတ်ကူးယဉ် သက်သက် အွန်လိုင်းဇာတ်လမ်း တစ်ပုဒ်
မဟုတ်ခဲ့ပါဘူး မိန်းမငယ်ရေ........

ကော်နက်ရှင်တွေ ပြတ်တောက်တဲ့ ညတိုင်း
ဖုန်းလိုင်းမအားတဲ့ အခါတိုင်း
ဘယ်လိုပဲ စိတ်ဖောက်ဖောက်
သူမရဲ့ ဟယ်လို ချိုချို လေးကို
နှိုက်မြည်းခွင့်ရတိုင်း
ဒေါသတွေ ပျောက်ရှ
အချစ်စိတ်သာကြီးစိုး
အရာရာကို ကန်းခဲ့ဖူးတယ်......။

ဟုတ်ပါတယ် ဖေဖော်ဝါရီရေ
အချစ်တွေဖုံးလို့ ကန်းခဲ့ပါတယ်
ကျေးဇူးတင်ပါတယ် ဖေဖော်ဝါရီရေ
ဘယ်သူမှမသိခိုက် တိုးတိုးတိတ်တိတ်လေး
နမ်းလိုက်ပါတယ် မိန်းမငယ်ရေ............။

လေတံခွန်



အဖြူရောင်ဆယ့်လေးရက်

တစ်ဆယ့်နဲ့လေးရက်မြောက်နေ့လေး
တစ်ခါတစ်ခေါက်တော့ အတူဖြတ်သန်းဖူးချင်တာပေါ့
ဖေဖော်ဝါရီဟာ ရေခဲခောတ်က ငှက်တွေလိုပဲ
ငါ့အတွက်တော့ ရှာဖွေဖို့ခက်ခဲ ခဲ့တဲ့
ပြက္ခဒိန်ထဲက ဒဏ္ဍာရီတွေ.............

အရာရာကအေးစက်တောင့်ခဲလို့
မနီးစပ်နိုင်တော့ဘူးလားလို့ တွေးမိတိုင်း
မျက်ရည် စက်လက် နဲ့ မနက်ဖြန်တွေ
ည, ည ဆို အဘိုးပြောတဲ့ ပုံပြင်တွေအတိုင်း
ရှေးရှေးတုန်းကပေါ့ကို ခဏ ခဏ ကြားယောင်မိတုန်း......

စကားလုံးက လှတပတ
နုနုရွရွလေးတွေ
လုပ်ရက်က ပက်စက်
သွေးအေးလူသတ် သမားထက်တောင် ရက်စက်သေး.....
ခံစားချက် အတု အစစ်တွေကြား
ငါသွေးအေးစွာပဲ ခံစားတတ်ချင်တယ်.....။

စကားလုံးတွေနဲ့ လုပ်ဆောင်ချက်တွေ မတူညီတော့တဲ့ အခါ
စကားလုံးတွေကို ယုံကြည်ရမှာလား
လုပ်ဆောင်ချက်တွေကို ယုံကြည်လိုက်ရမှာလား
ဒါပေမရ့် နင်ပြောတဲ့ခံစားချက်တွေကိုတော့ ငါပိုင်ချင်တရ် ... ။

ထင်ရာမြင်ရာတိုင်း
စိတ်လွတ်ကိုယ်လွတ်ပြောကြေးဆိုရင
ငါနင့်ကို မျက်စိစုံမှိတ်ပြီး ရင်ဘတ်ထဲ ထည့်ထားတယ် ... ။

တစ်ခါ တစ်ခါ ငါ့ရင်ဘတ်ထဲက ခုန်ထွက်ချင်တာကလွဲလို့
နင့်အတွက် အပြစ်ဆိုတာ မရှိသလောက်ရှားပါးလွန်းပါတယ်
အပ်တစ်ထောက်စာက ငါ့အတွက်တော့ဆပ်ပြာပူပေါင်းကွဲသလောက်ဖြစ်ခဲ့တယ်ဆိုတာကလွဲလို့ပေါ့

ကြုံရ ဆုံရ မြင်ရ ကြားရ သမျှ သာ ငါလက်ခံနိုင်ခဲ့ရင်
ဒီကမ္ဘာလောကကြီးမှာ ရှိနေတော့မှာမဟုတ်လေတော့ဘူး
တစ်ခွန်းတည်းသောစကားကိုသာဆိုပါလေ လို့ ပြောခဲ့ရင်တော့
ရင်တွင်းစကားတစ်ခွန်းသာလိုချင်မိပါတယ်
အဖြူသက်သက်စကားတစ်ခွန်းပေါ့ .... ။

( လေတံခွန် ၊ cupidkgmalay ၊ သွေး )

Thursday, February 7, 2013

ဘယ်လိုပြောရမလဲဗျာ .....


ယုံကြည်ခြင်းဆိုတာကိုရယူဖို့အတွက်
စကားလုံးတွေနဲ့ဖွဲ့နွဲ့ပြီး မပြောဆိုချင်တာက ကျွန်တော့်သဘာဝ

ယုံကြည်မှုဆိုတာ
အော်ဟစ်တောင်းဆိုလို့ရနိုင်တဲ့
အရာမျိုးလား ...

ခေတ်နှောင်းတေးသီချင်းတစ်ပုဒ်လို
အချိန်ယူနားထောင်မှ သိနိုင်မယ့် တန်ဖိုးမျိုးနဲ့

ဘယ်လိုပြောရမလဲဗျာ .....
ယုံကြည်ခြင်းဆိုတာကိုရယူဖို့အတွက်
စကားလုံးတွေနဲ့ဖွဲ့နွဲ့ပြီး မပြောဆိုချင်တာက ကျွန်တော့်သဘာဝ ....

လူဆိုတာလည်းအခက်သား ....
ယုံကြည်မှုတော့လိုချင်ကြတယ်
ယုံကြည်အောင်ကြိုးစားဖို့ကျတော့
တွန့်ဆုတ်နေကြပြန်ရော ......






Thursday, December 27, 2012

ပြောင်းလဲခြင်းများရဲ့လှည့်ကွက်


သူမ
ကျွန်တော့်ဘေးနားမှာထိုင်နေတာ
စကားတစ်ခွန်းမှ မပြောပဲ
သူမ အသက်ရှုသံလေးနဲ့တင်
ကျွန်တော့်ရင်ခုန်သံတွေကိုမြန်စေခဲ့သူ ....

တိမ်တိုက်တွေပေါ်ပြေးလွှားကစားနေရသလို
သူမနဲ့စကားပြောတိုင်း
ရင်သက်လှိုက်မောမိတယ်
ဆွဲဆောင်သူကတော့ရိုးရိုးသားသားပေါ့
ကျွန်တော်က မှ မရိုးသားပဲ

အဖြူသက်သက် ရှိစဉ်တုန်းက
သူမ စကားပြောတိုင်း
အသက်ရှုဖို့ မေ့နေခဲ့တဲ့ကျွန်တော်
နှစ်ယောက်တည်းလက်တွဲလျှောက်ရတဲ့
အချိန်ရောက်လာတော့
လောကကြီးကိုပါမေ့သွားခဲ့တယ်
ကျွန်တော်က အရမ်းချစ်နေခဲ့တာကိုး

တကယ်တမ်း အချစ်ဆိုတာကို စစ်ကြောကြည့်တော့
သူမ နဲ့ ကျွန်တော်
နီးစပ်လွန်းခဲ့သားနဲ့ မသိလိုက်တဲ့ဖြစ်ခြင်း
တစ်ယောက်အမြင်ကို တစ်ယောက်က ရိုက်ချိုး
နီးစပ်ဖို့ မဖြစ်တော့လို့
ဟိုး.......... အဝေးကြီး.......
ဟုတ်တယ် အဝေးကြီး...........။

ပြန်လည်တည်ဆောက်ထားတဲ့
ချစ်ခြင်းအိပ်မက်တွေ
တဖြည်းဖြည်းနဲ့ပျက်သုဉ်း
ဆိတ်ငြိမ်သွားတာ တစပြင်လို
အစားထိုးလို့မရတဲ့ ဆုံးရှုံးခြင်း
ယုံကြည်မှု.......
ဟုတ်တယ် ယုံကြည်မှု.............။


ထွက်ခွာသွားတဲ့ ရထားတစ်စင်း
လက်ပြကျန်ခဲ့သူ ဘူတာအို
အဝေးဆုံးမှာ ဆွံ့အ
အမှားတွေ ရှိခဲ့မှန်းသိလျက်
အခုတော့.........
 ပြန်မလာတော့ဘူး....။



(သွေး Vs လေတံခွန်)

Saturday, December 15, 2012

"ကောင်မလေး.....သို့"

မပီကလာ အသံဝဲ၀ဲလေးနဲ့
ဂျယ်လီလေးဆို သူသိပ်ကြိုက်တယ်......။

ပါးစောင်လေးမှာ သိုသိပ်ထားတတ်တဲ့
ပီကေလေးကိုလဲ လူရှေ့ရောက်ရင်
တဖြောက်ဖြောက်နဲ့ မှုတ်ဖောက်တတ်သေးတယ်.......။

"ခိုးခိုးခစ်ခစ်"
သူ မရယ်တတ်ပေမဲ့
အပြုံးလေးတစ်ခု နှုတ်ခမ်းစွန်းကထွက်ပြူကျရင်တော့
"ပါးချိုင့်လေးနှစ်ခု" အပိုဆုအဖြစ်
ပါးပြင်မှာ လရောင်လိုလင်းတယ်..........။

သွက်လက်ပွင့်လင်းတဲ့ ဟန်ပန်အောက်မှာ
ငိုရှိုက်လွယ်တဲ့ နှလုံးသားနုနုကို
သနပ်ခါးလေးနဲ့ဖုံး
သူ.....ဟန်ဆောင်ပြုံးလေး ပြုံးတတ်တယ်။။။။

မိုးရေထဲမှာ............
ကလေးတစ်ယောက်လို မိုးစက်တွေနဲ့ လွင့်မျောရရင်
သူ ပျော်နေတတ်ပေမဲ့
မိုးခြိမ်းသံ လာရင်တော့
ငိုမဲ့မဲ့လေး.......ရှိုက်ငိုချင်သေးတယ်။


စိတ်ကလေး ကောက်ရင်
ဒေါသလေးနဲ့ ငေါက်တတ်တဲ့
သူ့နှုတ်ခမ်းစူစူအောက်မှာ
ရှဥ့်ကလေးနှစ်ကောင် ငုတ်တုတ်လေး ထိုင်နေတတ်တယ်။

တကယ်ပါ........
တခါတလေ.......
ကျနော့်အပေါ်
ဆရာ လုပ်တတ်တာလေး တစ်ခုကလွဲလို့
"သူ.......သိပ်ချစ်ဖို့ကောင်းတယ်"ဆိုတာ
သက်သေပြစရာ မလိုတဲ့အချစ်သီအိုရီတစ်ခုပေါ့ဗျာ။။။။။။။။
                                                                                  13.12.12
                                                                                   မျိုးကို(MS)




"မီးရောင်မှိန် အပြုံး"

အပြုံး"ဆိုတာ အမြဲချိုမြိန်နေတာမဟုတ်.....။

ငွေကြေးလွှမ်းထားတဲ့ အမဲလိုက်မုဆိုးတွေကြားထဲ
အလိုက်သင့်လေး ပွင့်ရတဲ့အပြုံးပန်းခါးခါးမှာ
ဟန်ဆောင်နွမ်းလျမှုလေး ရောစွက်
ငွေကြေးကိုဖက်တွယ်ထားတယ် ဆိုတာ
အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို ဘယ်သူယုံကြည်မှာလဲကွယ်........။

လရောင်လေးနဲ့ သာတဲ့ညမှာ
ဖိတ်စင်နေတဲ့ အရက်ခွက်ပေါ်.......
အသက်မဲ့ခြင်္သေ့ခြွေတဲ့ ပန်းအကြွေအပြုံးတွေ
ရင်ထဲကမပါဘဲ နှုတ်ခမ်းပါးထက်လှိုက်လှိုက်လှဲလှဲတင်တတ်နေတာ
မီးရောင်မှိန်တဲ့ဘ၀စင်ပေါ်က  ဆရာမသင်ပဲ တတ်တဲ့သင်ခန်းစာတွေပါ........။

ဘ၀ကပြောတယ်
မင်းပြုံးရင် တစ်အိမ်လုံးထမင်းဝမယ်တဲ့......။
ပုရိသတွေကပြောတယ်
မင်းပြုံးရင် ညကလှတယ်တဲ့..........။
အပြုံးတစ်ချက်လက်ရင် ပန်းတစ်ကုံး
ပုခုံးထက်မှာ နားတာမို့
ညဆို.....ခဏခဏ ကျမ ပြုံးတတ်ခဲ့တယ်။။။။

ညစဉ်ထုတ်အန်နေရတဲ့ သီချင်းသံတွေနဲ့
မလှပတဲ့ ဘ၀ပန်းရဲ့ ရနံ့အပြုံးတွေဟာ
အမေ့ဆီပို့တဲ့ စာအိတ်နွမ်းနွမ်းထဲမှာတော့
မျက်ရည်မဆည်နိုင်တဲ့ အသပြာခပ်လန်းလန်းတွေပါ.......အမေ။


အမေတို့အိမ်ထမင်းဝိုင်းလေး စိုပြေဖို့
သမီးအပြုံးတွေ ပန်းကုံးကြိုက်တတ်လာပီ......အမေ။။။။။။
                                                                                             ၁၄.၁၂.၁၂
                                                                                              မျိုးကို(MS)







ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!