.... ယနေ့သည်......

Thursday, October 25, 2012

သူမ စွန့်ပယ်လိုက်သော ကျွန်တော့်ရင်ဘက် ထဲက ဥတုရာသီ

သည်နှစ်ရဲ့ ဆောင်းရာသီ အကြိုရက်တွေဟာ ထင်ထားတာထက် ပိုမိုအေးမြနေခဲ့တယ်။ ဒါပေမယ့် မိုးကတော့ ရွာလို့ကောင်းတုန်းပင်။ ရာသီဥတု မညီညွတ်မှုတွေက တောက်လျှောက်ဖြစ်နေသည်။ အရင်က သင်္ကြန်မှ ပွင့်သော ပိတောက်တို့သည်လဲ သစ္စာမရှိတော့။ သီတင်း ကျွတ်လျှင် မရွာတော့သော မိုးမင်းလဲ ကတိမတည်တော့။ ဟိုသီချင်းထဲကလိုပင်............

  • သစ္စာတရားတွေပါဆယ်ထုပ်လို့ဘယ်နေရာမှာထားခဲ့သလဲ။

သူမနှင့် ကျွန်တော်၏ ဆက်ဆံရေးမှာ အရင်လို မပြေပြစ်တော့...။ သူမသည် ကျွန်တော့်အပေါ်တွင် လွန်စွာ စိတ်ပျက်နေသယောင်...။ အရင်က အကြင်နာရိပ်များ သူမစကားများတွင် မပါတော့...။ သူမ၏ စကားသံတို့မှာ အေးစက်တောင့်ခဲလျက်....။ ဤနေ့ရက်များသည် ကျွန်တော့်အတွက် ရေခဲသက္ကရာဇ်များ ပင်ဖြစ်သည်...။ ယခင်က မုသားမဆိုတတ်သော သူမသည်ပင်လျှင် အလိမ်အညာ တွေတက်လာခဲ့သည်။ သို့ပေမယ့် ကျွန်တော်ကတော့ Eminem ရဲ့သီချင်းထဲကလိုပင်................

  • I Love The Way You Lie

သဘာဝတရားကြီးက ကျွန်တော်တို့ အပေါ်  သစ္စာမရှိတော့ခြင်း မဟုတ်။ ရှိနှင့်ပြီးသော သစ္စာတရားများကို ကျွန်တော်တို့က စွန့်ပယ်လိုက်၍ဖြစ်သည်။ လူဦးရေ ထူထပ်လာသည်နှင့်အမျှ အိမ်ခြေ လိုအပ်လာသည်။ အိမ်ဆောက်ရန် သစ်ခုတ်ရသည်။ စားနပ်ရိက္ခာ ပိုမိုလိုအပ်လာသည်။ ယာမြေများ ချဲ့ထွင်ရန် သစ်ခုတ်ရသည်။ လူနေရပ်ကွက်များ ဖန်တီးရန် သစ်ခုတ်ရသည်။ သည်လိုနှင့် သစ်တောများ  ပြုန်းလာသည်။ သစ်တောများမှာ ရာသီဥတု ညီညွတ်မျှတရန် ထိပ်ဆုံးမှ ပါသည်။ ဆိုရိုးရှိ၏။

  • ဥတုရာသီ တောကို မှီ၏။

သူမက ကျွန်တော်အပေါ် မာကျောလာရခြင်းမှာ ကျွန်တော့်ကြောင့်သာဖြစ်သည်။ ကျွန်တော့်အပေါ် နူးညံ့ခဲ့သော သူမအပေါ် အနိုင်ယူခဲ့မိသည်။ သူမက ဂရုစိုက်သောအခါ ကျွန်တော် သွေးအေးခဲ့မိသည်။ ကျွန်တော့်အနီးတွင် ၇ှိနေသောအခါ မလွတ်လပ်ဟု ယူဆခဲ့မိသည်။ သူမနှင့် ဝေးရာဖြစ်သော သူများစိတ်ဝင်စားမှု မရှိသောနေရာတို့၌ ပျော်ပါးနေခဲ့မိသည်။ သူမ မနှစ်မြို့သော မှီဝဲရာတစ်ချို့ကို ကျွန်တော်မှီဝဲလာမိသည်။ သူမ တားမြစ်သော အင်တာနက်ဆိုင် ဂိမ်းဆိုင် များသည် ကျွန်တော်၏ ဘုံဗိမ္မာန်များဖြစ်လာသည်။ သူမ မကြိုက်သော   ဘောလုံးပွဲများ   ပေါ်တွင်ကျွန်တော်   ပျော်ဝင်လာမိသည်။ သည်လိုနှင့် ကျွန်တော်တို့၏ သံယောဇဉ် ရေစီးကြောင်းမှ   ရေခဲမြစ်များ ဖြစ်လာခဲ့သည်။ ကျွန်တော့်ပါတ်ဝန်းကျင်မှာ နစ်မြောစိးဆင်းမိစဉ်၌ သူမသည် ကျွန်တော့်အပေါ် စိတ်ကုန်သွေးအေး သွားခဲ့ပါပြီ။

  • အနေဝေးလို့ သွေးအေးသွားခြင်းပင်။

ရာသီဥတု ဖောက်ပြန်မှုကို ထိန်းသိမ်းရန် လူတွေကြိုးစား လာကြသည်။ သစ်ပင်တစ်ပင် ခုတ်လျှင် သစ်ပင်တစ်ပင် ပြန်စိုက်လာကြသည်။ သို့သော် ဒုက္ခ တွင်း၌ နစ်နေသော ရာသီဥတုကို ကျွန်တော်တို့ မကယ်တင်နိုင်ကြတော့ပေ။ ဖောက်ပြန်နေသော ရာသီဥတုမှာ အသစ်အသစ်သော သစ်ပင်တို့အား ရှင်သန်ခွင့်မပေးတော့။ သည်လိုနှင့်ပင် ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်များ အဆက်မပြတ် ကြုံတွေ့ နေရသည်။ ဒုက္ခဆိုးများမှ မလွတ်ကင်းနိုင်တော့ပေ။ အနှေး နှင့် အမြန်..... အလျင်ကိုသာ ထိန်းသိမ်းနိုင်ကြပေတော့သည်။ 

  • အလာကောင်းသော်လည်း အခါနှောင်းခဲ့လေပြီ။

ကျွန်တော့်အပေါ် သွေးအေးသွားသော သူမကို ကျွန်တော့်အပေါ် စိတ်ပြန်လည်လာအောင် ကျွန်တော် ကြိုးစားခဲ့သည်။ သို့သော် အရာမထင်ခဲ့။ သူမ ကျွန်တော့်အပေါ်တွင် လုံးဝစိတ်နာ သွားလေးပြီ။ သူမသည် အမှတ်အတေးကြီးသူ တစ်ယောက်ဖြစ်သလို သွေးအေးလူသတ်သမား တစ်ယောက်လို ရက်စက်ရဲသော သတ္တိရှိသူဖြစ်သည်။ မလိုအပ်ပဲ တင်းမာခဲ့မိသော ကိုယ့်ကိုယ်ကို သာ အပြစ်တင်မိသည်။ ကျွန်တော်၏ အမှားတို့ အတွက် ပြန်လည် ပေးဆပ်ခွင့်တို့ မရှိတော့....။ သူမ မရှိတော့သောအခါမှ သူမ၏တန်ဖိုးတို့ကို သိလာသည်။ တကယ်တော့ သူမသည် ကျွန်တော်နှင့် နီးကပ်လွန်းခဲ့သောကြောင့် ကျွန်တော်မမြင်နိုင်ခဲ့ခြင်း သာဖြစ်သည်။ သူမသည် ကျွန်တော့်အတွက်တော့.........

  • နေတစ်စင်း ဖြစ်သလို လတစ်စင်းလဲဖြစ်သည်။
  • ရေဖြစ်သလို မီးလဲဖြစ်သည်။
  • ဆရာဝန် ဖြစ်သလို လူနာလဲ ဖြစ်ခဲ့သည်။

အဆုံးသတ်၌ သူမသည် ကျွန်တော့်ကမ္ဘာထဲက ရာသီဥတုသာ ဖြစ်ခဲ့သည်။ သစ်တော သစ်ပင် မရှိသော ကျွန်တော့် ကမ္ဘာထဲ၌ သူမ၏ ရာသီဥတုတို့ ယခုတော့ မသာယာနိုင်တော့ပါ................။


{လေတံခွန်}

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!