.... ယနေ့သည်......

Wednesday, September 26, 2012

ဝေးကွာခြင်းရဲ့ ပရိစ္ဆေဒ

အရင်ကအိပ်မက်
ခုတော့အဆိပ်တတ်လို့
ခါးသက်နေပြီ.......။
ချိုမြိန်ခြင်း ပျားရည်စက်တွေ
ဝေးကွာခြင်းနဲ့အတူ အေးစက်

မနီးစပ်တဲ့ မနက်တစ်ဝက်
အနာဂါတ်နဲ့ သပ်သပ်စီခွဲထွက်
အာရုဏ်တွေတက်ပါစေဦး...........။

အလင်းတန်းတွေဖြတ်သန်း
နှစ်နာရီစာ မိုင်၆၀ဆိုတဲ့ခရီးက
နွေးထွေးမှုကို အုပ်ဖုံး
စကားလုံးတွေ ပျောက်ဆုံး
နှလုံးသားကိုကြိုးနဲ့ထုံး
လက်တစ်ဖက်နဲ့ ပုတ်ထုတ်
ငါ့ကိုအရူးလိုလုပ်လို့
မနက်ခင်းရဲ့မနက်ခင်းတွေ အရသာပျက်ကုန်ပြီ....။

ကလေးမ မသိဘူး.......
အတွေးစတွေရှုပ်တုန်း
လိပ်ပြာတွေခြောက်ဦးမယ်...
ကလေးမ နားမလည်ဘူး........
စိတ်ကူးတွေပျောက်တုန်း
သံသယတွေနဲ့ဝေးကွာခြင်းက
နှလုံးသားကို ဓါးတုံးတုံးနဲ့ လှီးဦးမယ်...
နာကျင်မှုက တဆစ်ဆစ်
လှစ်ကနဲ ထွက်သွား
အားများများနဲ့ ဆွဲထွက်သွားပါ......
လှည့်မကြည့်နဲ့........
သနားခြင်းတွေ မျက်ဝန်းကထွက်မကျခင်
နင့်အပြုံးတွေအောက်က
ငါရုန်းထွက်ပါရစေဦး.............။

အလှမ်းမမှီလဲ ရှိစေတော့
တုံးခုလို့ တောင်မရအောင်
ပုခုံးတွေဖုနေပြီ...........
ခါးတွေကိုင်းပြီး သံယောဇဉ်တွေ မှိုင်းကုန်ရင်တောင်
ငါ့အသွေးနဲ့ ငါ့အသက်
မင်းအတွက် ပါပဲလေ............။

{လေတံခွန်}

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!