.... ယနေ့သည်......
Thursday, November 29, 2012
"ဆုံချိန်"
အသစ် အသစ် တွေရဲ့
မနှစ်မြို့ စရာတွေကြား
ဈေးခြင်းတောင်းလေး ခေါင်းပေါ်ရွက်လို့
နို့ဘူးလေးကို ချီပိုးရင်း
လမ်းတကာလှည့်
လွမ်းရေးထက် ၀မ်းရေးခက်တဲ့ဘ၀........။
နေညိုချိန် ဆို
ဆန်ဖိုးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
နဖူးပြင်ပေါ်က မြစ်ဖျားခံတဲ့
မြစ်လက်တက်လေးတွေ.....ပါးပြင်ထက်က နွမ်းလျလျသနပ်ခါးလေးပေါ်
စီးဆင်းသွားပုံများ.......
နွေပါ ပြိုဆင်းကျသွားတယ်။။။။။
နေလုံးကြီး အိမ်နောက်ဖေးလမ်းထဲပြုတ်ကျချိန်ကျမှ
ယိုင်နဲ့နဲ့ အိမ်လေးပေါ်ပြေးတက်ခွင့်ရတဲ့ ဈေးခြင်းတောင်းလေးအတွက်
ရေကြည်တစ်ပေါက်ဟာ
လည်ချောင်းလေး တစ်လျှောက်
cat walk လျှောက်မှ
အသံအိုးလေး နဲ့
နီစပ်စပ်အသားလေး ခဏတာအနားရတယ်။။။။။။
မကြာပါဘူး.....
လမ်းထိပ်ကကျောင်းဆင်းခေါင်းလောင်းသံလေး ဆုံးလို့
လွယ်အိတ်လေးလဲ.......အမောတကာနဲ့
ဈေးခြင်းတောင်းလေးရင်ခွင်ထဲ
ပြေးဝင်ချိန်မှာ......
ပုခက်ထဲရောက်တဲ့ နို့ဘူးလေးက
ဆည်းလည်းသံလေးနှယ်
ခိုးခိုးခစ်ခစ် ထရယ်တယ်.......။
ဒီချိန်ဆို.....
ချွေးတလုံးလုံးနဲ့
"ကလင် ကလင်"သံပေး
လှုပ်လီလှုပ်လဲ့ ဆိုက်ကားလေးလဲ
အရက်ပုလင်းဆွဲရင်း........အိမ်ဝိုင်းလေးထဲ ၀င်လာနေပြီ။
မကြာခင်....
ထင်းရှူးသေတ္တာပေါ်က ထမင်းဝိုင်းလေးမှာ
ငါတို့အားလုံး........
ငပိရည်နဲ့ လက်တွဲလို့
ဘဲဥတိုက်ပွဲ ၀င်ကြမယ်။။။။။။။။
26.11.12
MS
Labels:
MS
Subscribe to:
Post Comments (Atom)
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!
ဆုံချိန်.. ကိုစကားပြေရေးချင်စိတ်လေးတောင် ပေါ်လာတယ်..
ReplyDeleteဒါမဲ့ ကဗျာကိုဖျက်သလိုဖြစ်သွားမှာစိုးလို့ ရေးတော့ပါဘူး.. တကယ်ကောင်းတဲ့ ကဗျာ ငှက်ကလေးထက် ပိုကြိုက်တယ်း)